မန်ချက်စတာဒါဘီပွဲစဉ်မှာ စီးတီးကိုမယှဥ်နိုင်ခဲ့ပဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတဲ့ ယူနိုက်တက်

မန်ချက်စတာဒါဘီပွဲစဉ်မှာ စီးတီးကိုမယှဥ်နိုင်ခဲ့ပဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတဲ့ ယူနိုက်တက်

ပြိုင်ဆိုင်မှုပြင်းထန်မယ်လို့ ခန့်မှန်းခဲ့ကြတဲ့ မန်ချက်စတာဒါဘီပွဲစဉ်ဟာ တစ်ဖက်သတ်ဖြစ်နေပြီး အိမ်ရှင်မန်စီးတီးရဲ့ တိုက်စစ်ပေါက်ကွဲအားကို တလနီးပါးလောက်ပွဲနားခဲ့ရတဲ့ ယူနိုက်တက်တို့ မတားဆီးနိုင်ခဲ့ပါဘူး။

အိမ်ရှင်မန်စီးတီးဟာ ပွဲစကတည်းက ဆက်တိုက်ဆိုသလို တိုက်စစ်ဆင်နေခဲ့ပြီး ယူနိုက်တက်ကလည်း ခံစစ်ကို တတ်နိုင်သလောက် အကောင်းဆုံး ပိတ်ခဲ့ပေမယ့် ပွဲချိန်(၈)မိနစ်အရောက်မှာတော့ ဆေးဗားရဲ့ပေးပို့မှုကို ဖိုဒန်ကလှလှပပအဆုံးသတ်ပေးခဲ့ပါတယ်။

ယူနိုက်တက်ဟာ တစ်ဂိုးထိပြီးတာနဲ့တိုက်စစ်အားမြှင့်ခဲ့ပေမယ့် ဂွါဒီယိုလာရဲ့မန်စီးတီးအသင်းခံစစ်ကို မထိုးဖောက်နိုင်ခဲ့ပါဘူး။ တည်ငြိမ်လွန်းတဲ့ စီးတီးရဲ့တစ်ယောက်ချင်း စွမ်းရည်တွေကိုတော့ ယူနိုက်တက်တို့ မယှဉ်နိုင်ခဲ့ပါဘူး။

ပွဲချိန်(၃၄)မိနစ်အရောက်မှာတော့ ဒီဘရိုင်းရဲ့ပေးပို့မှုကနေတဆင့် တိုက်စစ်မှူး အာလင်ဟာလန်းက ခေါင်းတိုက်သွင်းခဲ့တာကို မာလစီယာကဖြတ်ထုတ်ခဲ့ပေမယ့် ဂိုးစည်းကျော်သွားခဲ့တာကြောင့် အိမ်ရှင်စီးတီးတို့ ဒုတိယဂိုးရရှိခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒုတိယဂိုးထိအပြီးမှာတော့ ကစားကွက် ပုံစံပျက်သွားခဲ့သလို ယုံကြည်မှုတွေလည်းပျောက်‌ဆုံးသွားပုံရပါတယ်။ ပွဲချိန်(၄၄)မိနစ်အရောက်မှာတော့ ဒီဘရိုင်းရဲ့လှပတဲ့ပေးပို့မှုကနေပဲ ဟာလန်းတစ်ယောက် လျှောထိုးကာ လှလှပပအဆုံးသတ်နိုင်ခဲ့ပြီး ပထမပိုင်းမှာတင် (၄)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအရောက်မှာတော့ မန်စီးတီးအနေနဲ့ ‌ကစားအားလျှော့ခဲ့ပုံရတာကို ယူနိုက်တက်ကအခွင့်အရေးအရယူခဲ့ပြီး အန်တိုနီရဲ့မထင်မှတ်ထားတဲ့ အဝေးကန်ချက်နဲ့ ယူနိုက်တက်တို့ ချေပဂိုးတစ်ဂိုးရရှိခဲ့ပါတယ်။

ယူနိုက်တက်တို့ရဲ့ချေပဂိုးသွင်းအပြီးမှာတော့ အိမ်ရှင်စီးတီးအသင်းဟာ ကစားအားပြန်တိုးခဲ့ပြီး ပွဲချိန် (၆၄)မိနစ်မှာ ဂိုမက်စ်ရဲ့ ပေးပို့မှုကနေ ဟာလန်းကပဲ သွင်းယူခဲ့ပြီး ဟတ်ထရစ်စံချိန်ကိုရယူခဲ့ပါတယ်။ (၈)မိနစ်အကြာမှာပဲ ဟာလန်းရဲ့ဖြတ်တင်ဘောကနေ ဖိုဒန်တစ်ယောက် ဟတ်ထရစ်ရယူခဲ့ပါတယ်။

ယူနိုက်တက်အတွက် ချေပဂိုးတွေကိုတော့ မာရှယ်ကပဲ(၂)ဂိုးထပ်သွင်းယူပေးခဲ့ပြီး ၆-၃ ဆိုတဲ့ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ ယူနိုက်တက်ကစားသမားတွေဟာ စီးတီးနဲ့ယှဉ်ရင် တစ်ဦးချင်းအရည်အချင်းတွေကအစ ကွာခြားနေတာကိုတွေ့မြင်ရမှာပါ။

ယူနိုက်တက်နည်းပြ တန်ဟတ်အနေနဲ့ ဒီပွဲစဉ်ကအမှားတွေကို သင်ခန်းစာယူပြီး လာမယ့်ပွဲစဉ်တွေမှာ အကောင်းဆုံးပြန်လာခဲ့မယ်လို့ပဲ မျှော်လင့်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *