၂ ပွဲတည်းကစားထားရပေမယ့် စံချိန်တွေအများကြီး သိမ်းပိုက်စုဆောင်းနိုင်ခဲ့တဲ့ တန်ဟက်ဂျ်

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြသစ် အဲရစ်တန်ဟက်ဂျ်ကတော့ ပရီးမီးယားလိဂ်ပွဲနှစ်ပွဲကိုင်တွယ်အပြီးမှာပ​ဲ စံချိန်မှတ်တမ်းသစ်တွေအများအပြားကို စိုက်ထူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ တန်ဟက်ဂျ်ရယူခဲ့တဲ့ မှတ်တမ်းတွေက မှတ်တမ်းကောင်းတော့ မဟုတ်ခဲ့ပါဘူး။ တော်တော်လေးကို ဆိုးရွားတဲ့ မှတ်တမ်းဆိုးတွေဖြစ်ပြီး အဖွင့်ပွဲ ၂ ပွဲနဲ့တင် ကမ္ဘာပျက်မတတ် စံချိန်ဆိုးတွေကို သူ ပိုင်ဆိုင်ခဲ့တာပါ။

အိမ်ကွင်းမှာ ဘရိုက်တန်ကို အရေးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်ကို သမိုင်းတလျှောက် ပထမဆုံးအကြိမ်အရေးနိမ့်ခဲ့တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ တန်ဟက်ဂျ်လက်ထက်မှာ ဘရိုက်တန်ကို အိမ်ကွင်းမှာမရှုံးနိမ့်တဲ့စံချိန်ကျိုးပျက်ခဲ့ရတာလည်းဖြစ်ပါတယ်။ မနေ့က ဘရန်ဖို့ဒ်နဲ့ပွဲမှာလည်း ယူနိုက်တက်ဟာ ပထမပိုင်းမှာပဲ ၄ ဂိုးအထိ ခွင့်ပြုခဲ့ရပါတယ်။

ဒါဟာ ယူနိုက်တက်အသင်းရဲ့ သမိုင်းကြောင်းမှာ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ပထမပိုင်းမှာ ၄ ဂိုးအထိ ပထမဆုံးအကြိမ်ခွင့်ပြုလိုက်ရတာလည်းဖြစ်ပါတယ်။ ဘရန်ဖို့ဒ်ကလည်း ယူနိုက်တက်ကို ၁၉၃၈ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အနိုင်ရရှိခဲ့ပြီး အဲရစ်တန်ဟက်ဂျ်လက်ထက်မှာပဲ ဒီလိုစံချိန်တွေဖြစ်တည်လာခဲ့တာပါ။ ဒါတင်မကသေးဘဲ နှစ်ပေါင်း ၂၀ အတွင်းမှာ တန်ဟက်ဂျ်က ပရီးမီးယားလိဂ်အဖွင့်ပွဲ ၂ပွဲစလုံးကို အရေးနိမ့်တဲ့ ပထမဆုံးယူနိုက်တက်နည်းပြလည်းဖြစ်လာခဲ့ပါတယ်။

အေဂျက်ဇ်ကို အကောင်းဆုံးကိုင်တွယ်ပေးခဲ့ပြီး ဥရောပအဆင့်မှာပါ လူရိုသေ၊ ရှင်ရိုသေဖြစ်လာအောင် တည်ဆောက်ပေးခဲ့တဲ့ တန်ဟက်ဂျ်ဟာ ယူနိုက်တက်မှာတော့ ရုန်းကန်နေရပြီဖြစ်ပါတယ်။ ကြီးမားတဲ့ဖိအားတွေ၊ စိတ်ပျက်ဖွယ်ရာအခြေအနေတွေ၊ ဆိုးရွားလွန်းတဲ့ အသင်းရဲ့ စိတ်ဓာတ်နဲ့ ကစားဟန်တွေကို အမြန်ဆုံးပြောင်းလဲပေးနိုင်ဖို့အတွက်လည်း လိုအပ်နေပြီဖြစ်ပါတယ်။

ခြေစမ်းပွဲကာလတွေမှာ အသင်းကပုံစံကောင်းရခဲ့ပေမယ့် တကယ့်ပြိုင်ပွဲတွေကို ကစားချိန်မှာတော့ ယူနိုက်တက်တို့ ရှက်ရွံ့စရာကောင်းလောက်တဲ့ပုံစံတွေနဲ့ကို ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ၂ ပွဲကစားအပြီး အမှတ်ပေးဇယားအောက်ဆုံးမှာရပ်တည်နေရကာ ကြမ်းတမ်းတဲ့ခရီးလမ်းကို ရာသီအစပိုင်းမှာပဲ​ လျှောက်လှမ်းနေရပြီဖြစ်ပါတယ်။

၂ ပွဲတည်းကစားထားရပေမယ့် စံချိန်တွေအများကြီး သိမ်းပိုက်စုဆောင်းနိုင်ခဲ့တဲ့ တန်ဟက်ဂျ်

Leave a Reply

Your email address will not be published.