ကာရင်တန်မှာပြုလုပ်ခဲ့တဲ့ ကြံ့ခိုင်မှူစစ်ဆေးမှူမှာ မန်ယူကစားသမားအကုန်လုံး ရော်နယ်ဒိုကိုမယှဥ်နိုင်ဖြစ်ခဲ့ရ

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကာရင်တန်မှာပြုလုပ်ခဲ့တဲ့ ကြံ့ခိုင်မှုစစ်ဆေးမှုမှာ ထိပ်ဆုံးကဦးဆောင်သူအဖြစ် ရှိနေခဲ့ကြောင်း သိရှိရပါတယ်။ ရော်နယ်ဒိုကို ယူနိုက်တက်နည်းပြတန်ဟက်ခ်က ကြံ့ခိုင်မှုမပြည့်ဝတဲ့အကြောင်းပြချက်နဲ့ ဘရိုက်တန်နဲ့ပွဲမှာ ပွဲထွက်ခွင့်မပေးခဲ့ပါဘူး။
ဒါပေမယ့် အသင်းရှုံးနိမ့်နေချိန် ဒုတိယပိုင်းမှာတော့ ရော်နယ်ဒိုကို လူစားလဲထည့်သွင်းခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ရဲ့ ရာသီကြိုခရီးစဥ်တခုလုံးကို လွဲချော်ခဲ့ရပြီး ရာသီကြိုနောက်ဆုံးခြေစမ်းပွဲအဖြစ် ဗယ်လက်ကာနိုနဲ့ အိုးထရက်ဖို့ဒ်မှာကစားတဲ့ခြေစမ်းပွဲမှသာ ပထမပိုင်း (၄၅) မိနစ်ကို ဝင်ရောက်ကစားခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း တန်ဟက်ခ်က ရာသီအဖွင့်ပွဲအဖြစ် ဘရိုက်တန်ကို အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအတွက် ပွဲထွက်ကစားသမားစာရင်းမှာ ရော်နယ်ဒိုကို ချန်လှပ်ခဲ့တာပါ။ ဒါပေမယ့် ရော်နယ်ဒိုဟာ ကာရင်တန်မှာ နောက်ဆုံးပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဥ်မှာ အသင်းဖော်တွေအားလုံးကို နောက်ကောက်ချနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်တွစ်တာအကောင့်ကနေတင်ထားတဲ့ ဓာတ်ပုံတပုံမှာ ယူနိုက်တက်ကစားသမားတွေ အပြေးလေ့ကျင့်နေကြပြီး ဒီလေ့ကျင့်မှုမှာ ရော်နယ်ဒိုက ထိပ်ဆုံးကနေ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ ဒီဓာတ်ပုံထဲမှာ လူငယ်ကစားသမားလေး ရှိုတိုင်းရားအပါအဝင် စီနီယာတွေဖြစ်တဲ့ မက်ဂွိုင်းရား၊ လုခ်ရှော၊ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်တို့လည်း ပါဝင်ခဲ့ပါတယ်။

ဒီကစားသမားတွေရဲ့နောက်ဆုံးမှာတော့ ကွင်းလယ်လူ ဖရက်ဒ်ဖြစ်နေခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသက် (၃၇) နှစ်အရွယ်ရှိပြီဆိုပေမယ့် သူ့ရဲ့ကြံ့ခိုင်မှုပိုင်းကတော့ စံတင်လောက်စရာဖြစ်နေပြီး လူငယ်ကစားသမားတွေအတွက် အတုယူစရာ ကြံ့ခိုင်မှုကို ပိုင်ဆိုင်ထားဆဲပါ။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းထားပေမယ့် ပရော်ဖက်ရှင်နယ်ပီသစွာနဲ့ အသင်းနဲ့ပူးပေါင်းလျက်ရှိပြီး အချိန်ပိုလေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရှိရပါတယ်။ 

Leave a Reply

Your email address will not be published.