99ကြိမ်မြောက်ချန်ပီယံဆုဖလားကိုအိတ်ထဲပစ်ထဲ့လိုက်ပြီး ဥရောပဘုရင်ဖြစ်လာတဲ့ ရီရဲလ်မက်ဒရစ်

ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲမက်ဒရစ်က ပြီးခဲ့တဲ့ရာသီတုန်းကယူရိုပါလိဂ်မှာ အံ့အားသင့်ဖွယ်အရာတွေ ဖန်တီးပြခဲ့တဲ့ ဖရန့်ဖတ်ကို အလဲထိုးပြီး ဥရောဘုရင်ဘွဲ့ကို ခံယူခဲ့ပါတယ်။ ရီးရဲဟာ ဒီပွဲမှာ ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဗင်နီဆီးယက်စ်၊ ဘန်ဇီမာ၊ ဗယ်လ်ဗာဒီတို့ကို တွဲပေးခဲ့ပါတယ်။

ကွင်းလယ်မှာ တိုနီခရူးစ်၊ ကက်စမဲရိုး၊ မိုဒရစ်တို့ဝါရင့်ကွင်းလယ်အတွဲကိုပဲ အသုံးပြုခဲ့ပြီးနောက်တန်းမှာ မန်ဒီ၊ အလာဘာ၊ မီလီတာယို၊ ကာဗယ်ဂျယ်တို့ကို ကစားစေခဲ့တာပါ။ ဖရန့်ဖတ်ကလည်း ၃-၄-၂-၁ အခင်းအကျင်းကိုအသုံးပြုခဲ့ပြီး ဘော်ရီ၊ တော်ရီ၊ ကာမာဒါ၊ လင်စတုန်းတို့ စုဖွဲ့မှုနဲ့ ရီးရဲကို အကောင်းဆုံး ရင်ဆိုင်ခဲ့တာပါ။

ရီးရဲမက်ဒရစ်ဟာ ပွဲအစကတည်းက ဖိအားပေးကစားခဲ့ပြီး ပွဲကိုစိုးမိုးထားနိုင်ခဲ့ပါတယ်။ ၁၁ မိနစ်မှာ ဖရန့်ဖတ် တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးရခဲ့ပေမဲ့ တိုက်စစ်ကစားသမား လင်စတုန်းရဲ့ ကန်ချက်ကို ကော့တွိုက်စ်ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲခံစစ်ကြောင်းက ပွဲအစပိုင်းမှာ ဟာကွက်တွေ တွေ့ခဲ့ရပြီး ၁၅ မိနစ်လောက်မှာလည်း ကာမာဒါ တစ်ယောက်ချင်းကန်သွင်းခွင့်ရခဲ့ပေမဲ့ ကော့တွိုက်စ်လက်စွမ်းပြခဲ့ပြန်ပါတယ်။

ပွဲချိန်ကြာလာတာနဲ့အမျှ ရီးရဲတို့ ပွဲကိုစိုးမိုးထားနိုင်ခဲ့ပြီး အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲကွင်းလယ်မှာ ကက်စမဲရိုးက ပုံစံကောင်း ပြသနိုင်ခဲ့ပြီး ဖရန့်ဖတ်ရဲ့တိုက်စစ်ဆင်မှုတွေကို ဟန့်တားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ရီးရဲရဲ့ ကစားပုံက သိပ်ပြီးအားရစရာမကောင်းခဲ့ဘဲ ဖရန့်ဖတ်ကို သိသိသာသာ စိုးမိုးထားခြင်း မရှိပါဘူး။

၃၇ မိနစ်မှာ ရီးရဲတို့ ဦးဆောာင်ဂိုးရရှိခဲ့ပြီး ထောင့်ကန်ဘောကနေ ရလာတဲ့ အခွင့်အရေးကို ကက်စမဲရိုးက ထပ်ဆင့်ခေါင်းတိုက်ပေးလိုက်တာကို အလာဘာက ပိတ်သွင်းခဲ့တာပါ။ မိနစ် ၄၀ လောက်မှာ ဘန်ဇီမာ ဂိုးရနိုင်တဲ့အ ခွင့်အရေးရခဲ့ပေမဲ့ တစ်ကိုယ်ကောင်းဆန်ဆန် ကန်သွင်းခဲ့လို့ နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ ဖရန့်ဖတ်တို့ ကစားအား ကျဆင်းသွားခဲ့ရပြီး ရီးရဲကပွဲကိုပိုမိုလွှမ်းမိုးလာနိုင်ခဲ့ပါတ်ယ။ အဲဒီနောက် ရီးရဲတို့ အခွင့်အရေးတွေ ဆက်တိုက်ရလာခဲ့ပေမဲ့ ဂိုးကံခေနေခဲ့လို့ နစ်နာခဲံရပါတယ်။ ဒီပွဲမှာလည်း ဗင်နီဆီးယက်စ်က ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့ပြီး သူ့ဘက်က တိုက်စစ်ဆင်မှုတွေ အားနည်းခဲံပါတယ်။

မိနစ် ၆၀ မှာ ကက်စမဲရိုးက ဂိုးဧရိယာ အပြင်ဘက်ကနေ တစ်ယောက်တည်း လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရခဲ့ကာ ကန်ချက်ကောင်းခဲ့ပေမဲ့ တိုင်ထိထွက်ခဲ့ပါတယ်။ ၆၅ မိနစ်မှာ ရီးရဲမက်ဒရစ်အတွက် အနိုင်သေချောစေမဲ့ဂိုးကို ဗင်နီဆီးယက်စ်ရဲ့ အလိုက်သင့်ပေးပို့မှုကို ဘန်ဇီမာက နောက်ခံလူတွေ ကြားထဲကနေ ကန်သွင်းယူသွားခဲ့တာပါ။

အဲဒီနောက် ရီးရဲမက်ဒရစ်ဟာ ချူအာမန်နီ၊ ကာဗင်ဂါတို့လိုလူငယ်ကြယ်ပွင့်တွေကိုထည့်သွင်းပြီး ကစားကွက်ပိုင်းအပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ နှစ်ဂိုးပြတ်နိုင်နေခဲ့ပြီးနောက် ရီးရဲတို့ ပွဲကိုထိန်းချုပ်ကာ အနိုင်ရလဒ်ကို ထိန်းကစားခဲ့ပြီး ဥရောပစူပါဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဒါက ရီးရဲမက်ဒရစ်အတွက် (၅) ကြိမ်မြောက်ဥရောပစူပါဖလား ဖြစ်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် (၉၉) ကြိမ်မြောက်ဆုဖလားလည်း ဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published.