တစ်ပွဲကောင်း ခြေစွမ်းဖြစ်‌နေတဲ့ ဥရုဂွေးပိုင်တံခွန်ကို ထပ်ကာကွယ်ပေးလိုက်ရတဲ့ ကလော့ပ်

တစ်ပွဲကောင်း ခြေစွမ်းဖြစ်‌နေတဲ့ ဥရုဂွေးပိုင်တံခွန်ကို ထပ်ကာကွယ်ပေးလိုက်ရတဲ့ ကလော့ပ်

လီဗာပူးလ်တို့ ယခုနှစ်နွေဈေးကွက်မှာ ပေါင်သန်း ၁၀၀ နီးပါး ပေးပြီး ခေါ်ယူခဲ့ရတဲ့ ဒါ၀င်နူနက်ဇ်ဟာ မန်ယူ၊ ပဲလေ့စ်တို့နဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ ရုန်းကန်ခဲ့ရပြီး အပိုင်အခွင့်အရေးတွေလည်း လွဲချောင်ခဲ့ရပါတယ်။ ဒါကြောင့် ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ ဝေဖန်လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့် ဒါဝင်နူနက်ဇ်ဟာ လိုက်ပ်ဇက်အသင်းနဲ့ ခြေစမ်းပွဲမှာ လူစား၀င်လာပြီး လေးဂိုးအထိ သွင်းပြနိုင်ခဲ့တာကြောင့် ဝေဖန်သံတွေတော့ တိတ်သွားခဲ့ရပါတယ်။ ဆဲလ်ဇဘတ်အသင်းနဲ့ ခြေစမ်းပွဲမှာတော့ လီဗာပူးလ်က ၁ ဂိုး၊ ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရသလို အဲ့ဒီပွဲရဲ့ ပထမပိုင်းမှာ ကစားခဲ့တဲ့ ဒါ၀င်နူနက်ဇ်ရဲ့ ခြေစွမ်းကလည်း အားရစရာ မကောင်းခဲ့ပါဘူး။

ဒါ၀င်နူနက်ဇ်ဟာ ဆဲလ်ဇဘတ်နဲ့ ပွဲရဲ့ ပထမပိုင်းမှာ ဂိုးပေါက်ကန်းသွင်းခွင့် လေးကြိမ်ရခဲ့ပေမယ့် တစ်ကြိမ်မှတော့ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူ။ ဒါကြောင့် ဒါ၀င်နူနက်ဇ်ဟာ တစ်ပွဲကောင်း ခြေစွမ်းနဲ့ ကောက်ရိုးမီးကစားသမားဖြစ်မှာကို ပရိသတ်တွေက စိုးရိမ်လာကြပါတယ်။ လီဗာပူးလ်နည်းပြကြီး ယာဂန်ကလော့ပ်ကတော့ ပထမပိုင်းမှာ လူငယ်ကစားသမားတွေဆီကနေ ပေးပို့မှုကောင်းတွေ မရတဲ့အတွက် နူနက်ဇ် ခြေစွမ်းမပြနိုင်တာလို့ ကာကွယ်ပြောကြားပေးသွားပါတယ်။

“ပထမပိုင်းမှာတော့ ကျွန်တော့်အနေနဲ့ လူငယ်ကစားသမားတွေကို နူနက်ဇ်တို့နဲ့ တွဲပြီး ပွဲထုတ်ခဲ့ပါတယ်။ လူငယ်ကစားသမားတွေထံကနေ ပံ့ပိုးမှုကောင်းတွေ မရတာကြောင့်သာ နူနက်ဇ်ခြေစွမ်းမပြနိုင်ခဲ့တာပါ။ သူ့အနေနဲ့ ဂိုးသွင်းနိုင်ဖို့ နီးစပ်တဲ့အနေအထားတွေလည်း ရခဲ့ပါတယ်။ ဒုတိယပိုင်း ဆာလက်တို့ ၀င်လာတဲ့အချိန်မှာ သူရှိနေမယ်ဆိုရင် ဂိုးတွေ သွင်းနိုင်မှာပါ။” လို့ ကလော့ပ်က ပြောသွားတာပါ။

ရာသီကြိုခြေစမ်းပွဲဆိုတာက ပြိုင်ပွဲတွေလို ပြိုင်ဆိုင်မှု ပြင်းထန်လေ့မရှိသလို အသင်းတွေကလည်း လူငယ်တွေနဲ့ ခြေစွမ်းစမ်းသပ်တာတွေ လုပ်လေ့ရှိပါတယ်။ နူနက်ဇ်ရဲ့ ခြေစွမ်းက တကယ်ပဲ တစ်ပွဲကောင်းခြေစွမ်းမျိုး ဟုတ်မဟုတ်ဆိုတာကတော့ ရာသီသစ်စတဲ့အခါမှသာ ကောက်ချက်ချနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *