၂၀၂၆ ကမ္ဘာ့ဖလားကျင်းပမည့်အမေရိကန်၊ မက်ဆီကိုနှင့် ကနေဒါရှိမြို့ကြီးများစာရင်းကို ဖီဖာ ထုတ်ပြန်

၂၀၂၆ ကမ္ဘာ့ဖလားကို လက်ခံကျင်းပမည့် မြောက်အမေရိကတိုက်မှ မြို့ကြီး ၁၆ မြို့၏အမည်ကို ဖီဖာက ထုတ်ပြန်ကြေညာလိုက်သည်။ အမေရိကန်မှ ၁၁ မြို့၊ ကနေဒါမှ ၂ မြို့နှင့် မက်ဆီကိုမှ ၃ တို့ကိုဖီဖာက ရွေးချယ်ခြင်းဖြစ်သည်။

၂၀၂၆ ကမ္ဘာ့ဖလားသည် နိုင်ငံ ၃ နိုင်ငံပူးတွဲကျင်းပမည့် ပထမဆုံးကမ္ဘာ့ဖလားဖြစ်လာမည်ဖြစ်သလို ပြိုင်ပွဲဝင် ၄၈ နိုင်ငံပါဝင်မည့် ပထမဆုံးကမ္ဘာ့ဖလားလည်း ဖြစ်လာမည်ဖြစ်သည်။

ဆန်ဖရန်စ္စကိုရှိ လီဗိုင်းကွင်း

ကမ္ဘာ့ဖလားပြိုင်ပွဲများကိုလက်ခံကျင်းပရန် ရွေးချယ်ထားသော မြို့ကြီးများမှာ နယူးယောက်/နယူဂျာဆီ၊ လော့စ်အိန်ဂျယ်လိစ်၊ ဒါးလက်စ်၊ ဆန်ဖရန်စ္စကို၊ မိုင်ယာမီ၊ အတ်တလန်တာ၊ ဆီယက်တယ်၊ ဟူစတန်၊ ဖီလာဒယ်ဖီးယား၊ ကန်ဆက်စ်စီးတီး၊ မစ်ဇူရီနှင့် ဘော့စတွန်တို့ဖြစ်ကြသည်။

လော့စ်အိန်ဂျလိစ်မြို့တွင် ကစားမည့်ပွဲစဉ်များကို ၁၉၉၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားခဲ့သည့် ရို့စ်ဘိုးလ်ကွင်းတွင် ကစားမည် မဟုတ်ပဲ ဆိုဖိုင်ကွင်းတွင်ကစားရန် စီစဉ်ထားသည်။မက်ဆီကိုနှင့်ကနေဒါရှိ ကမ္ဘာ့ဖလားကျင်းပရန် စီစဉ်ထားသောမြို့ကြီးများမှာ ဂွာဒါလာဂျာရာ၊ မွန်တာရေး၊ မက်ဆီကိုစီးတီး၊ တိုရွန်တိုနှင့် ဗန်ကူးဗားတို့ဖြစ်သည်။

ကမ္ဘာ့ဖလားပွဲစဉ်များအနက် ပွဲ ၆၀ ကိုအမေရိကန်တွင်ကစားမည်ဖြစ်ပြီး မက်ဆီကိုနှင့် ကနေဒါတို့က ၁၀ ပွဲစီလက်ခံကျင်းပမည် ဖြစ်သည်။ ကမ္ဘာ့ဖလားကို ကွာတားဖိုင်နယ်ပွဲစဉ်များနောက်ပိုင်းမှစ၍ လက်ကျန်ပွဲစဉ်များကို အမေရိကန် တစ်နိုင်ငံတည်း တွင်သာဆက်ကစားသွားမည်ဖြစ်သည်။

ဒါးလက်စ်ရှိအာလင်တန်ကွင်း

၁၉၇၀ နှင့် ၁၉၈၆ တို့တွင် ကမ္ဘာ့ဖလားပွဲစဉ်များကျင်းပခဲ့သည့် မက်ဆီကိုစီးတီးရှိ အက်ဇ်တက်ကွင်းတွင် ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်များကို ကျင်းပမည်ဖြစ်ရာ မက်ဆီကို သည် ကမ္ဘာ့ဖလားကို ၃ ကြိမ် အိမ်ရှင်လုပ်ခွင့်ရသည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။

အမေရိကန်သည် ၁၉၉၄ ကမ္ဘာ့ဖလားကို အိမ်ရှင်လုပ်ခွင့်ရခဲ့သော်လည်း ၂၀၂၆ ကမ္ဘာ့ဖလားတွင် ၁၉၉၄ ၌ကမ္ဘာ့ဖလားကျင်းပခဲ့သည့် မည်သည့်ကွင်းများကိုမှ အသုံးပြုမည်မဟုတ်ချေ။ ၁၉၉၄ ကမ္ဘာ့ဖလားတွင် ဘရာဇီးအသင်းက အနိင်ရဗိုလ်စွဲသည်။

Leave a Reply

Your email address will not be published. Required fields are marked *