ပင်နယ်တီကို ကခုန်ဖမ်းပြီး သြစတြေးလျကို ကမ္ဘာ့ဖလားဆီပို့ဆောင်ပေးခဲ့တဲ့ လူစားဝင်ဂိုးသမား

မနေ့ညက ကစားခဲ့တဲ့ သြစတြေးလျနဲ့ပီရူးတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာတော့ သြစတြေးလျက တောင်အမေရိကတိုက်အသင်းတသင်းဖြစ်တဲ့ ပီရူးကို ပင်နယ်တီအဆုံးအဖြတ် ၅-၄ ဂိုးနဲ့အနိုင်ရရှိကာ ကာတာကမ္ဘာ့ဖလားဆီ အရောက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ သာမန်ပွဲကစားချိန်နဲ့အချိန်ပိုအတွင်း ဂိုးမရှိသရေကျခဲ့တာပါ။

အချိန်ပိုပွဲပြီးဆုံးခါနီး စက္ကန့်ပိုင်းအလိုမှာ ရက်ဒ်မိန်နီက ဒီပွဲရဲ့ ပွဲထွက်ဂိုးသမား မက်သယူးရိုင်ယန်ရဲ့နေရာကို လူစားဝင်ကစားခဲ့ပါတယ်။ ဒါဟာ ရက်ဒ်မိန်နီကို ပင်နယ်တီဖမ်းခိုင်းဖို့အတွက် နည်းပြရဲ့ ဗျူဟာတခုလည်းဖြစ်ခဲ့ပါတယ်။ ရက်ဒ်မိန်နီဟာ အေလိဂ်ကလပ် ဆစ်ဒနီအက်ဖ်စီရဲ့ ဂိုးသမားတယောက်လည်းဖြစ်ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်ရဲ့ ပထမဆုံးငါးလုံးမှာ သြစတြေးလျနဲ့ပီရူးတို့ တလုံးစီလွဲချော်ခဲ့တာကြောင့် ပင်နယ်တီ ခြောက်လုံးမြောက်အထိ ကန်ခဲ့ရပါတယ်။ ဒီအခါမှာ သြစတြေးလျက ပင်နယ်တီဝင်ခဲ့ပေမယ့် ပီရူးဘက်က ဗယ်လီရာရဲ့ ကန်ချက်ကို ရက်ဒ်မိန်နီက ကာကွယ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒီလိုမျိုး ပင်နယ်တီမကာကွယ်ခင်မှာ ရက်ဒ်မိန်နီက ဂိုးရှေ့မှာ သာမန်လှုပ်ရှားမှုမျိုးမဟုတ်ဘဲ ကို့ရို့ကားယားနိုင်တဲ့ ကကွက်ပုံစံမျိုးနဲ့ ပြိုင်ဘက်ကို စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခဲ့တာပါ။အခုလိုမျိုး ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ပင်နယ်တီကန်ချိန်ကို ရောက်ရှိလာတဲ့အခါမှာတော့ ရက်ဒ်မိန်နီရဲ့လုပ်ရပ်က တော်တော်လေး အသုံးဝင်ခဲ့ပြီး ပြိုင်ဘက်ရဲ့ ပင်နယ်တီကိုလည်း ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်နဲ့ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ရက်ဒ်မိန်နီရဲ့ ဒီလိုမျိုး ကကွက်ပုံစံကတော့ ပွဲအပြီး ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေးကို ရေပန်းစားလျက်ရှိပါတယ်။ပရိသတ်တွေက ရက်ဒ်မိန်နီကို ဘောလုံးယဥ်ကျေးမှုရဲ့ သူရဲကောင်းတယောက်အဖြစ် ချီးကျူးနေကြပြီး သြစတြေးလျ အစီအစဥ်တင်ဆက်သူ ဒန်နီယဲယ်ဂရက်ဘ်ကလည်း “ရက်ဒ်မိန်နီက (၂၀၁၆) မှာ West Sydney မှာ ရုန်းကန်ခဲ့ရတဲ့နောက် ကစားသမားဘဝက အနားယူပြီး ကျောင်းဆရာလုပ်ဖို့ နီးစပ်ခဲ့တာပါ။

ဒါပေမယ့် ဆစ်ဒနီအက်ဖ်စီမှာ အလှည့်အပြောင်းဖြစ်ခဲ့ပြီး အခုတော့ သြစတြေးလျကို ကမ္ဘာ့ဖလားပို့ပေးနိုင်ခဲ့တဲ့ သူရဲကောင်းတယောက်အဖြစ် မြင်တွေ့နေရပါပြီ” လို့ ချီးကျူးခဲ့ပါတယ်။

Credit to original

Leave a Reply

Your email address will not be published. Required fields are marked *