ပင်နယ်တီမှာ ပီရူးကိုကျော်ဖြတ်ပြီး ကမ္ဘာ့ဖလားဝင်ခွင့်ကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ အာရှကိုယ်စားပြု သြစတေးလျ

အာရှကိုယ်စားပြု ဩစတေးလျအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရိုင်ယန်၊ အက်ကင်ဆန်၊ ရိုက်၊ ရိုးလ်စ်နဲ့ ဘီဟစ်ချ်တို့ကို ခံစစ်မှာ အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အာရွန်မွိုင်း၊ ဘွိုင်းလ်၊ ဟရူးစ်တစ်ချ်၊ အာဗင်းနဲ့ လက်ကီးတို့ကို အထိုင်ချလာခဲ့သလို တိုက်စစ်ကိုတော့ ဂျုခ်တစ်ယောက်တည်း အထောင်ထားပြီး ကစားလာခဲ့တာဖြစ်ပါတယ်။

တောင်အမေရိကရဲ့ အဆင့် ၅ ပီရူးတို့ကတော့ ဂိုးသမား ဂါလေစီ၊ ခံစစ်မှာ ဇမ်ဘရာနို၊ ကယ်လင်စ်၊ ထရော်ကိုနဲ့ အက်ဒ်ဗင်ကူလာတို့ကို ပွဲထွက်ကစားစေခဲ့ပြီး ကွင်းလယ်မှာ တာပီယာ၊ ကွေဗာ၊ ဂွန်ဇာလက်စ်၊ ပင်ညာနဲ့ ကာရီလိုတို့ကို အသုံးပြုခဲ့သလို အီတလီနွယ်ဖွားတိုက်စစ်မှူး လာပါဒူလာကိုတော့ အထောင်ထားခဲ့ပြီး နှစ်သင်းစလုံးအနေနဲ့ ဒီနေ့မှာ တူညီတဲ့ ၄-၅-၁ ပုံစံကိုပဲ ခင်းကျင်းလာခဲ့ကြတာပါ။

ပွဲချိန်အတွင်းမှာ ပီရူးတို့က ဘောလုံးပိုကိုင်နိုင်ခဲ့သလို ဩစတေးလျတို့ကတော့ သူတို့အားသန်တဲ့ တောင်ပံတိုက်စစ်နဲ့ ကောင်တာတွေကိုပဲ အားကိုးသွားခဲ့ကြပြီး နှစ်သင်းစလုံးအနေနဲ့ Play-off ဝင်ခွင့် နောက်ဆုံးတစ်နေရာအတွက် ကာတာသွားလက်မှတ်ကို ကြိုးစားခဲ့ကြချိန်မှာ ရှေ့တန်းတွေနဲ့ အဆုံးသတ်ပိုင်းတွေကတော့ ခပ်ပိန်းပိန်းတွေပဲဖြစ်ခဲ့ကြပါတယ်။

ဩစတေးလျတို့ ဘောလုံးပိုင်ဆိုင်မှု ၄၆ ရာခိုင်နှုန်း၊ ဂိုးကန်သွင်းခွင့် ၁၁ ကြိမ်နဲ့ ၂ ကြိမ် ဂိုးပေါက်တည့်ချိန်မှာ ပီရူးတို့ကတော့ ဘောလုံးပိုင်ဆိုင်မှု ၅၄ ရာခိုင်နှုန်း၊ ဂိုးကန်သွင်းခွင့် ၁၀ ကြိမ်မှာ တစ်ကြိမ်မှာ ဂိုးပေါက်တည့်ခဲ့ပြီး ပွဲချိန်အတွင်းမှာ ဂိုးမရှိသရေနဲ့ အနိုင်အရှုံး မကွဲပြားခဲ့သလို အချိန်ပိုအထိ ၁၂၀ မိနစ် ကစားပြီးချိန်မှာလည်း ရလဒ်မပြောင်းလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာပါ။

နှစ်သင်းစလုံးအနေနဲ့ ပင်နယ်တီအတွက် ကြိုတင်ပြင်ဆင်ခဲ့ကြပြီး ပီရူးဘက်က ကွေဗာအစား ဗာရီလာကို ပင်နယ်တီကန်သွင်းဖို့ ထည့်ခဲ့သလို ဩစတေးလျဘက်ကတော့ အသင်းကပ္ပတိန် ဂိုးသမား ရိုင်ယန်ကို ထုတ်ပြီး အရန်ဂိုးသမား ရက်ဒ်မိန်းကို ပင်နယ်တီ ဖမ်းဖို့နဲ့ နောက်ခံလူ ဘီဟစ်ချ်အစား တိုက်စစ်မှူး ဂွတ်ဒွင်ကို နောက်ဆုံးမိနစ်တွေမှာ ပြောင်းလဲသွားခဲ့ကြတာဖြစ်ပါတယ်။

ပင်နယ်တီ စတင်ကန်သွင်းရာမှာတော့ ဩစတေးလျဘက်က ဘွိုင်းလ်ရဲ့ ကန်ချက်ကို ဂိုးသမား ဂါလေစီ ကာကွယ်နိုင်ခဲ့ပြီး ပီရူးဘက်က လာပါဒူလာက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့သလို ဒုတိယအကြိမ် ကန်သွင်းမှုတွေမှာတော့ အော်ဆီဘက်က အာရွန်မွိုင်းက စတင်ဈေးဦးဖောက်နိုင်ခဲ့ပြီး ပီရူးရဲ့ ကယ်လင်စ်ကလည်း ဂိုးသမား ရက်ဒ်မိန်းရဲ့ တွန့်လိမ်ရုပ်ပြနေမှုတွေကို မဖြုံဘဲ ကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

တတိယ ပင်နယ်တီကိုတော့ ဩစတေးလျဘက်က ဂွတ်ဒွင်က အပြင်းကန်သွင်းယူနိုင်ခဲ့ပေမယ့် ပီရူးရဲ့ အက်ဒ်ဗင်ကူလာ ကန်သွင်းရာမှာတော့ တိုင်ထိထွက်ခဲ့လို့ နှစ်ဂိုးစီသရေ ပြန်ဖြစ်ခဲ့သလို စတုတ္ထ ကန်သွင်းမှုတွေမှာတော့ ဟရူးစ်တစ်ချ်က ဂိုးသမားကို လှည့်စားကန်သွင်းယူနိုင်ခဲ့သလို ပီရူးရဲ့ တာပီယာကလည်း မျက်စိနောက်စရာ အော်ဆီဂိုးသမားကို ကျော်ဖြတ်ကန်သွင်းနိုင်ခဲ့ပါတယ်။ပဉ္စမမြောက် ပင်နယ်တီကို ကန်သွင်းရာမှာတော့ ဩစတေးလျဘက်က မက္ကလာရင်က အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပြီး ပီရူးဘက်ကတော့ ဖလောရက်စ်က လိုက်လံချေပနိုင်ခဲ့လို့ ငါးလုံးကန်သွင်းရာမှာ တစ်ဖက်တစ်ကြိမ်စီ လွဲချော်မှုတွေနဲ့ လေးဂိုးစီသရေဖြစ်နေခဲ့ပြီး အဆုံးအဖြတ် တစ်လုံးချင်းစီ ဆက်လက်ကန်သွင်းရဖို့ ဖြစ်လာခဲ့တာပါ။

ဩစတေးလျတို့ စတင်ကန်သွင်းရာမှာတော့ တိုက်စစ်မှူး မာဘီလ်က ပီရူးဂိုးသမား ဂါလေစီကို သာသာယာယာ အနိုင်ယူခဲ့ပြီး ပီရူးတို့ဘက်က ဗာရီလာရဲ့ ကန်သွင်းမှုကတော့ ရှေ့က ငါးလုံးမှာ လှုပ်ရွနေပြီး ဘာမှ မဖြစ်ခဲ့တဲ့ ဂိုးသမား ရက်ဒ်မိန်း ဒိုက်ပစ်တဲ့ တည့်တည့်ကို ကန်ခဲ့မိတာကြောင့် အာရှသားတွေ ကာတာသွားဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

သမုဒ္ဒရာပိုင်းဇုန်ကနေ အာရှဇုန်ကို ပြောင်းလဲကစားခဲ့တဲ့ နောက်ပိုင်းမှာ လေးကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်နိုင်ခဲ့ပြီး ဒီနှစ်မှာလည်း အဆင့်ဆင့် ကစားပြီး ခက်ခက်ခဲခဲ နေရာတစ်နေရာကို ပိုင်ဆိုင်နိုင်ခဲ့ချိန်မှာ ပီရူးတို့ကတော့ ၂၀၁၈ ကမ္ဘာ့ဖလားအပြီးမှာ ဆက်တိုက် ကစားခွင့်ကို လက်လွှတ်ခဲ့ရပြီး တောင်အမေရိကအတွက် တာဝန်မကျေနိုင်ဘဲဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *