ဟက်ထရစ်သွင်းပြီး စံချိန်နှစ်ခုပါ ထပ်ရလိုက်တဲ့ စီရော်နယ်ဒို

မန်ယူနိုက်တက်နဲ့နောဝှစ်တို့ရဲ့ အိုးထရက်ဒ်ဖို့ဒ်က ပရီးမီးယားလိဂ်ပွဲစဉ်ကတော့ အသက်အရွယ်နဲ့မမျှတဲ့လုပ်အားနှုန်း၊ဂိုးသွင်းစွမ်းရည်တွေရှိနေဆဲဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ခြေစွမ်းပြမှုနဲ့အတူ၃-၂နဲ့ပြီးဆုံးသွားခဲ့ပါပြီ။

နည်းပြရန်းဂ်နစ်က ဒီပွဲမှာ ခရစ်စတီယာနိုကို လူငယ်တိုက်စစ်ကစားသမားလေး အီလန်ဂါနဲ့ ဂျေဒန်ဆန်းချိုတို့နဲ့တွဲပြီးတိုက်စစ်မှာပွဲထုတ်ခဲ့ပြီး ဒါကအလုပ်ဖြစ်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။

ပွဲချိန်၇မိနစ်မှာကတည်းက ဆွီဒင်ဝမ်းဒါးကစ်လေးရဲ့ညာခြမ်းကဖြတ်တားပြီး ၆ကိုက်ထဲကိုခင်းပေးလိုက်တဲ့ဘောလုံးကို ရော်နယ်ဒိုက ညာခြေနဲ့တင်ခါးလ်ရဲ့ထောင့်ကျဉ်းထဲကိုပွတ်သွင်းပြီး အဆုံးသတ်သွားခဲ့လို့ စောစောစီးစီးပွဲကို ယူနိုက်တက်တို့စီးမိုးနိုင်ခဲ့ကြပါတယ်။

ဒီဂိုးကိုသွင်းယူအပြီးမှာ ပေါ်တူဂီသားကြီးက အီလန်ဂါကိုပါခေါ်ယူပြီး နှစ်ဦးပေါင်းပြီး siuuuu အောင်ပွဲခံမှုကို အတူပြုလုပ်သွားခဲ့ကြပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုဟာ အီလန်ဂါထက် ၁၇နှစ်နဲ့၈၁ရက်ကြီးတာကြောင့် ဒါဟာ မန်ယူနိုက်တက်သမိုင်းတလျှောက်ပရီးမီယားလိဂ်မှာ အသက်အရွယ်ကွာဟမှုအများဆုံးသော ဂိုးဖန်တီးသူနဲ့ဂိုးသွင်းသူအဖြစ်မှတ်တမ်းဝင်သွားခဲ့တယ်လို့ optaကဖော်ပြသွားခဲ့ပါတယ်။

ပွဲချိန်၃၁မိနစ်မှာတော့ ဂျေဒန်ဆန်းချိုရဲ့ညာထောင့်ကန်ဘောကို ရော်နယ်ဒိုကပဲ အပိုင်ခုန်ပြီး တင်ခါးလ်ရဲ့ညာထောင့်ကျယ်ထဲကို ခေါင်းနဲ့ရှပ်တိုက်အဆုံးသတ်ကာ ၂-ဝဖြစ်စေခဲ့ပြန်ပါတယ်။

အဲ့ဒီ့နောက်မှာတော့ တီမူးပူကီရဲ့ဘယ်ခြမ်းကအပိုင်ပေးပို့မှုကနေ ဒွန်ဝဲလ်လွတ်လွတ်ကျွတ်ကျွတ်ခေါင်းတိုက်အဆုံးသတ်ပြီး ပထမပိုင်းပြီးခါနီးမှာနောဝှစ်တို့ပြန်လာနိုင်ခဲ့ကြပါတယ်။

ဒုတိယပိုင်းမှာလဲ ဒီအတွဲကပဲ ပွဲချိန်၅၂မိနစ်မှာဂိုးရသွားခဲ့ကြပြီး ဒီတခါတော့ ဒွန်ဝဲလ်ရဲ့ဖန်တီးပေးမှုကို ပူကီကဘယ်ထောင့်ကျဉ်းထဲကို လှလှပပအဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

၂-၂ဖြစ်သွားပြီးတဲ့နောက် အနိုင်ဂိုးရဖို့အတွက် မာတစ်၊ရပ်ရှ်ဖို့ဒ်၊မာတာတို့ကိုထည့်သွင်းပြီး တိုက်စစ်မြှင့်ဖို့ကြိုးစားခဲ့ပေမဲ့ ယူနိုက်တက်တို့ ၁၈ကိုက်အတွင်း ဆက်လက်ရုန်းကန်ခဲ့ရပြီး အဖိုးတန်၃မှတ်အတွက် ဂိုးကိုရော်နယ်ဒိုကပဲဖရီးကစ်ကနေရှာဖွေပေးခဲ့ပါတယ်။

ပွဲချိန်၇၆မိနစ်မှာရရှိတဲ့ ညာခြမ်းက ဖရီးကစ်ကို ခရစ်စတီယာနိုရော်နယ်ဒိုက ညာခြေနဲ့ တင်ခါးလ်ရဲ့ညာထောင့်ထဲကို ပွတ်သွင်းယူခဲ့ရာမှာ ဒတ်ချ်ဂိုးသမားပုတ်ထုတ်ဖို့ကြိုးစားခဲ့ပေမဲ့လဲ ဂိုးထဲကိုပဲဘောလုံးကတိုင်နားကနေ ကပ်ပြီးဝင်သွားခဲ့လို့ ၃၇နှစ်သားတိုက်စစ်မှူးကြီးအတွက် ချိုမြိန်လှတဲ့ဟက်ထရစ်ဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာရရှိတဲ့ဟက်ထရစ်ကြောင့် ရော်နယ်ဒိုဟာ ၁၆ရာသီဆက်တိုက် ပြိုင်ပွဲစုံ ဂိုး၂၀နဲ့အထက်သွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ်လဲ မှတ်တမ်းကောင်းကိုဆက်လက်ရေးထိုးသွားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ခရစ်စတီယာနိုရဲ့ပရိုသက်တမ်းတလျှောက် ဒီဟက်ထရစ်က ၆၀ကြိမ်မြောက်သွင်းယူနိုင်ခဲ့တဲ့ ဟက်ထရစ်လဲဖြစ်ပြီး (ကလပ်နဲ့၅၀၊နိုင်ငံနဲ့၁၀) ဖရီးကစ်ဂိုးကတော့ ၅၈ဂိုးမြောက်ဖြစ်ခဲ့တယ်လို့လဲ Optaရဲ့မှတ်တမ်းတွေမှာဖော်ပြသွားခဲ့ပါတယ်။ ဘရာဗိုရော်နယ်ဒို။

Leave a Reply

Your email address will not be published. Required fields are marked *