ထုံစံအတိုင်း ပန်ဝင်ခါနီးရင် မြင်းကောင်းခွာလိပ်ဖြစ်သွားပြန်တဲ့ အာဆင်နယ်(စိန့် vs အာဆင်နယ် ပွဲပြီးသုံးသပ်ချက်အပြည့်စုံ)​

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ လာကာဇက်ကို ကိုဗစ်ဖြစ်နေတာကြောင့် ချန်လှပ်ထားခဲ့သလို တိုက်စစ်မှာ နကီးတီးယားကို သုံးခဲ့ပြီး သူ့နောက်က မာတီနယ်လီ၊ အော်ဒီဂွါဒ်နဲ့ ဆာကာတို့ကို လိုက်ပါကစားခိုင်းခဲ့သလို ကွင်းလယ်မှာ ချာကာနဲ့ ဆမ်ဘီ လိုကွန်ဂါတို့ကို နေရာချခဲ့ချိန်မှာ ခံစစ်မှာတော့ ရမ်းစ်ဒေးလ်၊ ဆီးဒရစ်၊ ဘန်ဝှိုက်၊ ဂါဘရီယယ်လ်နဲ့ နူနို တာဗာရက်စ်တို့ကို ပြန်တွဲကစားစေခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဆောက်သမ်တန်တို့ကတော့ ဂိုးသမား ဖော်စတာ၊ ခံစစ်မှာ ဘက်ဒ်နာရက်ခ်၊ လီယန်ကို၊ ဗယ်လာရီ၊ ဝေါ်လ်ကာ-ပီတာစ်နဲ့ ပယ်ရိုတို့ကို နေရာချခဲ့ပြီး ကွင်းလယ်မှာတော့ ဝါ့ဒ်-ပရောက်စ်၊ ရိုမီယူတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ စတူးဝပ် အမ်းစ်ထရောင်း၊ ဘရိုယာနဲ့ အယ်လ်ယူနူစီတို့ကို ပွဲထွက်ကစားစေခဲ့တာပါ။

နကီးတီးယားရဲ့ ခြေနုတ်ခြေသိမ်း သွက်တဲ့ ပုံစံက လူအိုကြီး လာကာဇက် အထောင်ကစားတာထက် အများကြီး သာလွန်ခဲ့သလို အာဆင်နယ်တို့ သွက်လက်တဲ့ ကစားကွက်နဲ့ ကစားနိုင်ခဲ့ပြီး အာတီတာကတော့ တာဗာရက်စ်ကို ဘောလုံးဆုံးရှုံးချိန်တွေမှာ ကာကွယ်ပေးနိုင်ဖို့ ဆာကာကို ဘယ်ခြမ်းမှာ နေရာချခဲ့ပြီး မာတီနယ်လီကို ညာခြမ်းမှာ Inverted မဟုတ်ဘဲ Traditional Winger တွေအဖြစ် အသုံးပြုလာခဲ့ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ နကီးတီးယား ထိုးဖောက်လာခဲ့ပြီး ညာခြမ်းကို ချပေးရာမှာ မာတီနယ်လီက အကွက်မြင်မြင် ပေးပို့ခဲ့ပေမယ့် ဘယ်ခြမ်းကနေ ပြေးပိတ်တဲ့ ဆာကာရဲ့ အတွေးအခေါ်က ကလေးဆန်ခဲ့ပြီး အနီးတိုင်ခြေကို ပိတ်သွင်းရမယ့်အစား ဂိုးပေါက်တည့်ပြီးရော ကန်ခဲ့တာကြောင့် အရပ် ၆ ပေခွဲရှိတဲ့ ဂိုးသမား ဖော်စတာ ပုတ်ထုတ်တာခံခဲ့ရပြီး အပိုင်အဖွင့်ဂိုး ဆုံးရှုံးခဲ့ရတာပါ။

အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းနီးပါး ရယူကစားနိုင်ခဲ့ချိန်မှာ ဆောက်သမ်တန်တို့ကတော့ တန်ပြန်တိုက်စစ်၊ အမြင့်ဘောတွေနဲ့ အားကိုးထိုးဖောက်သွားခဲ့ပြီး ပွဲချိန် ၂၆ မိနစ်မှာ လက်ပစ်ဘောကနေ ကျလာတဲ့ ဘောလုံးကို ကွင်းလယ်လူ အမ်းစ်ထရောင်း ကန်သွင်းခဲ့တာကို ရမ်းစ်ဒေးလ် ကာကွယ်ခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်တို့အနေနဲ့ ဆောက်သမ်တန်အသင်းကိုတင် ယှဉ်ပြိုင်ရတာ မဟုတ်သလို ကြိုက်သလိုချ အဝါမပေးတဲ့ ဒိုင်လူကြီး ပီတာ ဘန့်ခ်စ်ရဲ့ ညစ်ပတ်မှုကိုလည်း ရင်ဆိုင်ခဲ့ရပြီး ဆီးဒရစ်လို အသင်းဟောင်းဘက် ဖရီးကစ်တွေကို ကန်ချင်သလို လျှောက်ကန်တဲ့သူမျိုးကိုလည်း အသင်းထဲမှာ ထားပြီး ကစားခဲ့ရတာကတော့ စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၄၅ မိနစ်မှာတော့ ဆောက်သမ်တန်ကို အထင်သေးသလိုလိုနဲ့ ဖရီးကစ်တွေ တည်ကန်ဘောကို ဖောဖောသီသီ ခွင့်ပြုနေတဲ့ အာဆင်နယ်တို့ အထိနာသွားခဲ့ပြီး ဖရီးကစ်ကနေ ရခဲ့တဲ့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ထပ်ပြီး လူကျွံထောင်ချောက်နဲ့ ပေါ့ဆခဲ့ပြန်တဲ့ ဧည့်သည် တွေရဲ့ ခံစစ်ကို အယ်လ်ယူနူစီက ဖောက်ထွက်ပြီး ချိုးပေးတာကို နောက်ပြန်မဆင်းရသေးတဲ့ ဘက်ဒ်နာရက်ခ်က အနီးကပ်ကန်သွင်းပြီး ဦးဆောင်ဂိုး ရယူသွားခဲ့ပါတယ်။

ပထမပိုင်းမှာတော့ ဆောက်သမ်တန်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့အနေနဲ့ နည်းစနစ်ကျကျ မကစားနိုင်ဘဲဖြစ်နေခဲ့သလို တစ်ဖက်ဂိုးသမားရဲ့ အရပ်အမောင်းနဲ့ အားသာချက်ကို နားမလည်တဲ့ ဖြတ်တင်ဘောတွေကလည်း စိတ်ပျက်စရာပဲဖြစ်ခဲ့ပြီး ဆာကာကလည်း အော်ဒီဂွါဒ်နဲ့ နေရာယူပုံတွေမှာ နားလည်မှု နည်းနေခဲ့တာပါ။

ပွဲချိန် မိနစ် ၆၀ မှာ စမစ်ရိုး ဝင်လာခဲ့ပေမယ့် ထိုးဖောက်ပုံကတော့ လှေကြီးထိုး ရိုးရိုးကနေ တက်မလာခဲ့ဘဲ Blind Side Run မတတ်တဲ့ အာဆင်နယ်တို့ တစ်ဖက်ခံစစ်ကို မထိုးနှက်နိုင်သလို ညာခြမ်းက ဘယ်သန်နှစ်ယောက်ကလည်း အတွင်းဆွဲပြီး ကန်တဲ့ တစ်ပေါက်ပဲ ရတာကြောင့် ဂိုးရဖို့ ခက်နေခဲ့ကြပြီး ဆောက်သမ်တန်တို့ကတော့ ပိတ်ကစားနေခဲ့ပါတယ်။

အာဆင်နယ်တို့ရဲ့ တည်ကန်ဘောတွေကတော့ ဒီနေ့မှာ စုတ်ချာလွန်းနေခဲ့ပြီး ပွဲချိန်မိနစ် ၇၀ မှာတော့ တာဗာရက်စ်အစား ပေပေဝင်လာပြီး ဖောင်ဖျက်တိုက်ခဲ့သလို တစ်မိနစ်အကြာမှာ ချာကာတင်ပေးတာကို အိုင်ဗရီကို့စ်သားက လေထဲမှာ နောက်ပြန်ပိတ်ခဲ့ပေမယ့် တိုင်ဘေးကပဲ ထွက်သွားခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာလည်း စမစ်ရိုးရဲ့ အနီးကပ်ကန်ချက်က ထိချက်ပျော့ခဲ့လို့ ဂိုးသမား ဖော်စတာပဲ ပုတ်ထုတ်ခဲ့ပါတယ်

ဒီနေ့မှာ အာတီတာရဲ့ အသင်းအနေနဲ့ ဘာလိုအပ်နေသလဲ မေးလာရင်တော့ တည်ငြိမ်မှုနဲ့ ပါးနပ်မှုလို့ပဲ ဆိုရမှာဖြစ်ပြီး တိုက်စစ်မှာရော ခံစစ်မှာပါ အခြေအနေအပေါ် မှန်မှန်ကန်ကန် မသုံးသပ်နိုင်မှုတွေ များနေခဲ့သလို ပွဲချိန် ၈၁ မိနစ်မှာ လူကြားထဲက ချပေးတာကို ဆာကာက အနီးကပ် ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဖော်စတာတည့်တည့်ပဲ ရောက်သွားခဲ့ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာလည်း ချာကာရဲ့ ကန်ချက်ကို သွေးအေးလှတဲ့ ဆောက်သမ်တန်ဂိုးသမား ဖော်စတာပဲ ကာကွယ်ခဲ့ရသလို အသင်းရဲ့ ညာခြမ်းတိုက်စစ်ကတော့ အခြေအနေကို မသုံးသပ်နိုင်ဘဲ ဧရိယာအပြင်ကနေ ကန်သွင်းပြီး ဖြုန်းတီးနေခဲ့တဲ့ အသင်းခေါင်းဆောင်လက်ပတ်နဲ့ အော်ဒီဂွါဒ်နဲ့ ကစားကွက်ဘေး ရောက်နေတဲ့ ဆာကာတို့ကြောင့် ဆိုးဆိုးရွားရွားပဲ ဖြစ်နေခဲ့တာပါ။

အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှု ၇၆ ရာခိုင်နှုန်းနဲ့ ကွင်းတစ်ဝက် ဖိကစားနေခဲ့ပေမယ့် အမှားလုံးဝမရှိတဲ့ ဆောက်သမ်တန်ခံစစ်ကိုတော့ မကျော်နိုင်ခဲ့တာကြောင့် လူစားလဲဖို့ လူပါ မကျန်တော့ချိန်မှာ ဂိုးမသွင်းတတ်တဲ့ အာတီတာရဲ့ လူတွေအနေနဲ့ ပွဲချိန်အပြည့်မှာတော့ စိန့်မေရီမှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဒူးထောက်လက်မြှောက်ခဲ့ရပြန်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် အဆင် ၄ အတွက် ရှေ့က တော့တင်ဟမ်စပါးစ်တို့ ရှုံးထားတဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘဲ နောက်ထပ် ရှုံးပွဲတစ်ပွဲသာ ထပ်တိုးခဲ့ရပြီး အာတီတာရဲ့ ကူကယ်ရာမဲ့ အာဆင်နယ်တို့အနေနဲ့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ အရှုံးနဲ့ အဆင့် ၅ ကိုပါ မန်ချက်စတာယူနိုက်တက်ဆီ လွှဲပေးလိုက်ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *